Local News

“မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂” တွင် ဖော်ထုတ်ချက်များနှင့် စပ်လျဉ်း၍ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန်‌ ရေးဆွဲလျာထားသည့်လုပ်ငန်းစီမံချက်များနှင့်ပတ်သတ်၍ ညှိနှိုင်း အစည်းအဝေးကျင်းပ

Last Updated:

“မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂” တွင် ဖော်ထုတ်ချက်များ နှင့်စပ်လျဉ်း၍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ‌ရေးဆွဲလျာထားသည့် လုပ်ငန်း စီမံချက်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့၊ မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင်  စီးပွားရေးနှင့်ကူးသန်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုများဖြစ်သည့်   မြန်မာနိုင်ငံ၏ ဆန်စပါးထုတ် လုပ်တင်ပို့မှုကို အရည်အသွေးအားဖြင့် ပိုမိုကောင်းမွန်ရေး၊ အရေအတွက်အားဖြင့် တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ရေးကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် ပူးပေါင်းပြီး “မြန်မာ့ဆန်စပါးညီလာခံ၂၀၂၂”ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက် နေ့မှ ၇ ရက်နေ့အထိ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)မှာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ညီလာခံမှဖော်ထုတ်ချက်များအရ ဆက်လက်ဆောင်ရွက်သွားသင့်သည့် စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍအတွက် ဖော်ထုတ်ချက် (၁၅) ချက်၊ ကြိတ်ခွဲထုတ် လုပ်မှုကဏ္ဍအတွက် (၁၀) ချက်နှင့် ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှု ကဏ္ဍအတွက် (၁၈)ချက်၊ စုစုပေါင်း ဖော်ထုတ်ချက် (၄၃) ချက်နှင့် ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အတွက် လုပ်ငန်းစီမံချက် (Action Plan) ကို (၅)နှစ်တာ ကာလအတွက် (မူကြမ်း) ရေးဆွဲပြုစုထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရန် ထည့်သွင်းလျာထားသည့် ဦးဆောင်ဦးရွက်ပြု အကောင်အထည်ဖော်မည့်ဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ အထောက်အကူပြုပံ့ပိုး ဆောင်ရွက်ပေးမည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များအနေဖြင့် လုပ်ငန်းစီမံချက်အပေါ်တွင် လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးရန်ဖြစ်ကြောင်း၊ မြန်မာ့ဆန်စပါးကဏ္ဍ ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် လုပ်ငန်းစီမံချက်ကို အားလုံးအတည်ပြုချက်ရရှိပြီးသည့် အချိန်တွင် သက်ဆိုင်သည့် ဌာနများ၊ အသင်းအဖွဲ့များအနေဖြင့် ဦးဆောင်ခြင်း၊ အထောက်အကူပြု ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်၍ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း၍ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ မြန်မာ့ဆန်စပါး ပို့ကုန်တိုးမြှင့် နိုင်ရေးအတွက်  မြန်မာနိုင်ငံ၏ဆန်စပါးသီးနှံစျေးကွက်တိုးချဲ့နိုင်ရေး၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရေးနှင့် စဉ်ဆက်မပြတ် တည်ရှိစေရေးအတွက်လည်းကောင်း၊ အရည်အသွေးသတ်မှတ်ချက်နိုင်ငံတကာ တန်းဝင်သည့်ပို့ကုန်များကို ထုတ်လုပ်တင်ပို့ နိုင်ရေးအတွက်လည်းကောင်း၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးထုတ်လုပ်သူများနဲ့ကုန်သည်လုပ်ငန်းရှင်များက ဟန်ချက်ညီညီ ဖော်ဆောင်သွားရမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များက လုပ်ငန်းစီံမံချက်လျာထားမှုများ အပေါ် ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို (၁၇:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

ပြည်တွင်းကုန်သွယ်မှုဌာနခွဲ

 

 

Category: Local News